နှလုံးသားလေးက ကြောက်တဲ့ ဆိုဒီယမ် (Sodium)
နှလုံးရောဂါရှင်တွေအတွက် အဓိကရန်သူက ဆိုဒီယမ်လို့ခေါ်တဲ့ အငန်ဓာတ်ပါပဲ။ ဆိုဒီယမ်ကို လိုအပ်တာထက် ပိုမိုပြီး စားသုံးတဲ့အခါ သွေးဖိအားတွေ များလာပြီး နှလုံးသွေးတိုးရောဂါနဲ့ လေဖြတ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်တဲ့ လူတိုင်း အထူးသဖြင့် နှလုံးနဲ့ သွေးတိုးရောဂါရှိသူတွေနဲ့ မိသားစုထဲမှာ နှလုံးသွေးတိုးရောဂါ ရာဇဝင်ရှိသူတွေဟာ ဆိုဒီယမ်ကို လျှော့စားသင့်ပါတယ်။
ဆိုဒီယမ်လွန်ကဲစွာ စားသုံးမှုကို မလျှော့ချနိုင်တဲ့အတွက် ကမ္ဘာပေါ်မှာ နှစ်စဥ် လူနှစ်သိန်းခွဲခန့်ဟာ မသေသင့်ဘဲ သေဆုံးနေကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရှိရပါတယ်။
အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ဟာ တစ်နေ့ကို ဆိုဒီယမ် ၅ ဂရမ် (လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်) ထက် ပိုပြီး မစားသင့်ပါဘူး။ သုတေသနတွေအရ လူအများစုဟာ တစ်နေ့ကို ဆိုဒီယမ် ၉-၁၂ ဂရမ်ခန့် ပျမ်းမျှစားသုံးနေတယ်လို့ ဆိုတဲ့အတွက် လိုအပ်တာထက် ၂ ဆခန့် ပိုပြီး စားသုံးနေကြတယ်လို့ ပြောလို့ရပါတယ်။
ခန္ဓာကိုယ်အတွက် ဆိုဒီယမ်က ဘာလုပ်ပေးသလဲ?
- သွေးရည်ကြည်ပမာဏကို ထိန်းညှိပေးတာ
- Acid-base မျှခြေဖြစ်အောင် ထိန်းပေးတာ
- အာရုံကြောစနစ်မှာ ပါဝင်တာနဲ့
- ဆဲလ်တွေရဲ့ ပုံမှန်လုပ်ငန်းစဥ်မှာ ကူညီပေးတာတွေက ဆိုဒီယမ်ရဲ့ တာဝန်တွေပါ။
ဆိုဒီယမ်ကို လိုတာထက် ပိုစားသုံးတဲ့အခါ…
- သွေးကြောတွေထဲမှာ သွေးဖိအားတွေများပြီး သွေးစီးဆင်းမှုနှေးတာ၊ သွေးကြောပိတ်ဆို့တာတွေကြောင့် နှလုံး၊ သွေးတိုး၊ လေဖြတ်ရောဂါတွေ ဖြစ်နိုင်တာ
- ကျောက်ကပ်ကျောက်တည်တာနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်နိုင်တာ
- ခေါင်းအမြဲကိုက်နေတာ၊ လေးလံထိုင်းမှိုင်းနေတာ
- ရေငတ်သလို ခံစားရတာ
- အသားက ပွစိစိဖောသွပ်သွပ်ဖြစ်လာတာ
- ဝလာတာ
- (ပမာဏအရမ်းများနေတဲ့အခါ) ကိုမာဝင်သွားတာထိ ဖြစ်နိုင်ပါတယ်။
ဆိုဒီယမ်အဓိက ပါဝင်တာကတော့ ဆားပါ။ ငန်ပြာရည်နဲ့ ငါးပိတွေမှာလည်း ဆိုဒီယမ် ၆၀% ခန့် ပါဝင်ပါတယ်။ ငန်ပြာရည် ထမင်းစားဇွန်းတစ်ဇွန်းမှာ ဆိုဒီယမ် ၀.၉-၁.၅ ဂရမ်ခန့် ပါဝင်ပါတယ်။ နို့၊ အသားနဲ့ ငါးအကြေးခွံတွေမှာလည်း သဘာဝအားဖြင့် ဆိုဒီယမ်တွေ ပါဝင်နေပါတယ်။
နောက်ထပ် ဆိုဒီယမ်လွန်ကဲတဲ့ အစားအစာတွေကတော့ ရယ်ဒီမိတ် အစားအစာတွေ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ဟမ်ဘာဂါ၊ ပီဇာ၊ ချိစ်တို့လို ပြုပြင်ထားတဲ့ အစားအစာတွေ၊ စည်သွပ်ဗူး၊ အသားခြောက်၊ ခေါက်ဆွဲခြောက်၊ အစာပြေစားတဲ့ Snack တွေ၊ အချဥ်စိမ်ထားတဲ့ အစားအစာတွေနဲ့ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေပါ။
ဆိုဒီယမ်ကို ဘယ်လိုလျှော့ချမလဲ?
- ဟင်းချက်တဲ့အခါ ဆား၊ ငါးပိ၊ ငန်ပြာရည်တွေ လျှော့ထည့်တာ
- ထမင်းစားတဲ့အခါ အငန်ထပ်မထည့်တာ (စားပွဲပေါ်မှာ ဆားဗူး၊ ငန်ပြာရည်ဗူး မထားတာ)
- တတ်နိုင်သမျှ လတ်ဆတ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ပဲနဲ့ အစေ့အဆံတွေသာ စားသုံးတာ
- အလွယ်တကူစားရတဲ့ အစားအစာတွေ၊ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေနဲ့ Snack တွေ တတ်နိုင်သမျှ ရှောင်တာ
- ဆိုဒီယမ်ပါဝင်မှု နည်းတဲ့ အစားအစာတွေ ရှာဖွေစားသုံးတာတွေ လုပ်ခြင်းဖြင့် ဆိုဒီယမ်ကို လျှော့ချနိုင်ပါတယ်။
ဆိုဒီယမ်စားသုံးမှုကို လျှော့ချတာအပြင် ပုံမှန်လေ့ကျင့်ခန်း လုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ လတ်ဆတ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ ပုံမှန်စားသုံးတာတွေက နှလုံးကျန်းမားရေးကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းနိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်